ဗန်းမော်မြို့တွင် စုပေါင်းရုံးအပါအဝင် နေရာသုံးခု၌ မိုင်းခွဲမှုတွင်ပါဝင်သူ တစ်ဦးအသေ၊ တစ်ဦး ဒဏ်ရာရအပါအဝင် လေးဦးဖမ်းမိ

ကချင်ပြည်နယ်၊ဗန်းမော်မြို့တွင် သြဂုတ် ၁၀ ရက် နံနက်ပိုင်းက စုပေါင်းရုံးအပါအဝင် နေရာ သုံးခုတွင် မိုင်းခွဲမှုတွင်ပါဝင်သူ လေးဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

အထက်ပါ နေရာများတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် မြို့မ ရဲစခန်းရှေ့ရှိ သိမ်တော်ကြီးအနီး မသင်္ကာဖွယ် လူငယ်တစ်ဦးကို ခေါ်ယူစစ်ဆေးရာမှ အခြားသုံးဦးကို သုံးမိုင် ရွှေပြည်သာရပ်ကွက်ရှိ Second Phone အရောင်းဆိုင်တွင် သွားရောက် ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ၌ အမျိုးသား တစ်ဦးမှာ နေရာတွင် သေဆုံးခဲ့ပြီး အမျိုးသား တစ်ဦးမှာ ပေါင်နှင့်ကျောတို့တွင် သေနတ်ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ဗန်းမော်ရဲစခန်းမှ တာဝန်ရှိသူက ” စစ်ဆေးနေတုန်းပဲ ရှိပါသေးတယ်။ တစ်ဦးသေဆုံး၊တစ်ဦး ဒဏ်ရာရနှင့် အခြား နှစ်ဦး ဖမ်းမိတာ မှန်ပါတယ်။ ထပ်ပြီး ဖမ်းဆီးတာ မရှိပါဘူး။ မနေ့က ပေါက်ကွဲမှုကွင်းဆက်က ဒီလေးဦးပဲရှိပါတယ်။ ကွင်းဆက်အရ ကျန်တဲ့မိုင်းတွေကို ဂေါက်ကွင်းဘက်မှာ ဖော်ထားခဲ့ပါပြီ။ကျန်တာ ဘာမှပြောမရသေးပါဘူး”ဟု ပြောကြားသည်။

ဖမ်းဆီးရမိသည့်သူများမှာ အသက် ၁၉ နှစ်အရွယ် အောင်သူရ(ခ)သက်ရှင်၊ အသက် ၃၃ နှစ်အရွယ်ရှိသန်းမင်းဦး၊ အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦး၊ အသက် ၁၆ နှစ်အရွယ်ရှိ ပြည့်ဖြိုးလှိုင် တို့ ဖြစ်ပြီး မင်းသန်းဦးမှာ ဖမ်းဆီးစဉ်အတွင်း ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာတွင် နောက်ကျောနှင့် ပေါင်တို့တွင်ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ပြီး၊ အမည်မသိရသေးသည့် အမျိုးသားမှာ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် နှင့်ပတ်သက်၍ ဗန်းမော်မြို့မ ရဲစခန်းတွင် (ပ)၁၆၈/၂၀၂၂၊အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(စျ)/၅၁ (ဂ)တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

သြဂုတ် ၁၀ ရက် နေ့လည်ပိုင်းက ကချင်ပြည်နယ်၊ဗန်းမော်မြို့ စုပေါင်းရုံးအပါအဝင် သုံးနေရာတွင် မိုင်းပေါက်ကွဲခဲ့ပြီး ဝန်ထမ်းဆိုင်ကယ် ၃၆ စီး မီးလောင်ပျက်စီးခဲ့ပြီး လက်ထောက်ဦးစီးမှူး တစ်ဦးတို့မှာ မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့သည်။

ထို့ပြင် မီးသတ်ရုံး၊ရဲဝန်ထမ်း အိမ်ယာတို့တွင်လည်း လက်လုပ်မိုင်းပစ်ခတ်ပေါက်ကွဲသည်။

Leave a Reply

Your email address will not be published. Required fields are marked *