■ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရှိ ခလောက်ချ ကမ်းခြေတွင် အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
■ သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရှိ ခလောက်ချ ကမ်းခြေတွင် အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
■ စက်စဲကမ်းခြေတွင်လည်း အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့
အောက်တိုဘာ ၁၀ ရက် က သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရှိ ခလောက်ချ ကမ်းခြေတွင် အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ပြီး၊ စက်စဲကမ်းခြေတွင်လည်း အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာရှိ ခလောက်ချကမ်းခြေတွင် အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်က အမျိုးသမီးငယ်နှစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း နှင့် ရေနစ် သေဆုံးသူများမှာ ရေးမြို့နယ် နှစ်ကရင်ကျေးရွာမှ အသက် ၁၃ နှစ်ခန့် အရွယ်ရှိမရွှေရည် နှင့် မစိုးစိုးသန်း တို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “မနေ့(အောက်တိုဘာလ (၁၀) ရက်) မွန်းလွဲပိုင်း ရေတက်ချိန်မှာဖြစ်သွားတာပါ။ ကောင်းမလေး နှစ်ယောက်လုံးက ဧည့်သည်တွေလို့သိရတယ်။ နှစ်ကရင်က လာကြတာ။ သူတို့ရဲ့ Dead Body ပဲပြန်ရလိုက်တယ်” ဟု ပြောကြားသည်။
ထို့အပြင် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ် စက်စဲကမ်းခြေတွင် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း နှင့် ရုပ်အလောင်းကိုမှု ယနေ့ အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်း အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ရေနစ်ပျောက်ဆုံးနေသူက နေပြည်တော်၊ တပ်ကုန်းမြို့နယ်က အသက် (၄၃) နှစ်အရွယ် ဦးတင့်ထူး လို့သိရပါတယ်။ မနက် ၈ နာရီလောက်ကဖြစ်တယ်ပေါ့။ အမျိုးသမီးငယ်တစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဘော်ရာ စီးနေရင်းနဲ့ ကမ်းခြေနဲ့ ဝေးသွားတယ်ပေါ့။ အဲ့ဒီအချိန်မှာ အမျိုးသမီးငယ်က ဘော်ရာပေါ်ကကျတော့ အမျိုးသားက ရေထဲဆင်းပြီး အမျိုးသမီးငယ်ကို ရေထဲကနေ တွန်းတင်ထားတော့ အမျိုးသမီးငယ်က ရေပေါ်မှာပေါ်နေတာပေါ့။ အမျိုးသမီးငယ်ကို ကယ်ဆယ်ရပြီးတဲ့အချိန်မှာ အမျိုးသားကို ထပ်ရှာတော့ မတွေ့ရတော့ဘူး။ ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းအထိကို ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး” ဟု ပြောကြားသည်။
ရေနစ်ပျောက်ဆုံးနေသူ ဦးတင့်ထူး ရုပ်အလောင်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်းကာ ရှာဖွေရေးလုပ်ငန်းများ လုပ်ဆောင်နေကြကြောင်း သိရသည်။
ဘိုဘိုမြင့်