မန္တလေးမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံး
မန္တလေးမြို့တွင် ကျွန်းလုံးဥသျှောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအား မော်တော်ယာဉ်ပေါ်မှနေ၍ သေနတ်ဖြင့် ပစ်သွားမှုကြောင့် သေဆုံးမှု အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းမြသာစည်မြို့နယ်၊ အကွက်(၈၃၉) ချမ်းမြောက်ရပ်ကွက်တွင်နေထိုင်သည့် ကျွန်းလုံးဥသျှောင်အုပ်ချုပ်ရေးမှူးဖြစ်သူ အသက်၅၆နှစ်အရွယ် ဦးအောင်ဆန်းသည် နေအိမ်မှ လမ်းလျှောက်ပြီး ထွက်လာစဉ် လမ်းထိပ်အရောက် ကားတစ်စီးပေါ်မှ နေ၍ ၎င်းအား သေနတ်ဖြင့်၃ ချက်ခန့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရသည်။
ထိုကဲ့သို့ သေနတ်ဖြင့်ပစ်ခတ်သွားမှုကြောင့် ဦးအောင်ဆန်းတွင် ကျည်ပေါက်ဝင်ဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ကာ ကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်ဟု ထပ်မံ စုံစမ်းသိရသည်။