မကြာသေးမီ သီတင်းပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ လေးဆတိုးလာပြီးနောက် တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအမံများကို တိုးမြှင့်လုပ်ဆောင်နေ
တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ လော့ဒေါင်းချထားသော အိမ်ရာအဆောက်အအုံဝင်းတစ်ခု၌ အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားသည့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (Photo : Reuters)
ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးက်ခံရသူ လေးဆတိုးလာပြီးနောက် တရုတ်နိုင်ငံ၏မြို့တော် ပေကျင်းတွင် ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံများကို ပိုမိုတင်းကျပ်စွာ လုပ်ဆောင်လျက်ရှိပြီး လူထုအား ဆေးစစ်ခြင်းနှင့် လူနေအဆောက်အအုံဝင်းအချို့၌ လော့ဒေါင်းချခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။
လတ်တလောတွင် မြို့တော်ပေကျင်း၌ တရုတ်ကွန်မြူနစ်ပါတီ၏ အထင်ကရ ညီလာခံကို ကျင်းပလျက်ရှိသည်။
လူဦးရေ ၂၁ သန်း နေထိုင်သည့် မြို့တော်ပေကျင်း၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်သူ ၁၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လွန်ခဲ့သည့် ၁၀ ရက်အတွင်း ရောဂါကူးစက်ခံရသူ ၁၉၇ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
တရုတ်တွင် တွေ့ရှိရသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်မှာ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေဆဲဖြစ်သော်လည်း အစိုးရ၏ ကိုဗစ်ကင်းစင်ရေး မူဝါဒအရ ရောဂါတားဆီးကာကွယ်ရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ငါးနှစ်တစ်ကြိမ် ကျင်းပလေ့ရှိသည့် တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကို ယခုသီတင်းပတ်အတွင်း မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပလျက်ရှိပြီး အဆိုပါညီလာခံ၌ သမ္မတရှီကျင်းပင်အား မကြုံစဖူးအဖြစ် တတိယမြောက် သမ္မတသက်တမ်း ဆက်လက်ထမ်းဆောင်ခွင့် ရရှိစေရန် အတည်ပြုသွားဖွယ်ရှိသည်။
အထူးသဖြင့် စူပါမားကတ်များနှင့် အားကစားရုံများအပါအဝင် လူထူထပ်သော နေရာများသို့ လာရောက်သူများအား စေ့စပ်သေချာစွာ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ရောဂါကူးစက်ခံထားရဖွယ်ရှိသူများအား ပိုမိုတင်းကျပ်စွာ စစ်ဆေးခြင်းတို့ လုပ်ဆောင်သွားရန် မြို့တော်ကျန်းမာရေးဌာန တာဝန်ရှိသူများက တိုက်တွန်းထားသည်။
ရောဂါကူးစက်မှုများ ဖြစ်ပွားနေသည်ဟု ယူဆရသော လူနေအဆောက်အအုံဝင်းအချို့ကိုလည်း သုံးရက်ကြာ လော့ဒေါင်းချကာ ရောဂါကူးစက်မှုများ ထပ်မံတွေ့ရှိပါက လော့ဒေါင်းချသည့်ရက်ကို ထပ်တိုးနိုင်ဖွယ်ရှိသည်ဟု သိရသည်။ တစ်ဦးတစ်ယောက်မှ ကျန်ရစ်ခြင်းမရှိအောင် ဂရုပြုကြရန်လည်း ကျန်းမာရေးဌာန တာဝန်ရှိသူများက တိုက်တွန်းထားသည်။
လူထု၏ မကျေနပ်မှုများ မြင့်တက်လာပြီး စီးပွားရေးအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်စေသည့်တိုင် ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဟု အာဏာပိုင်များက မကြာသေးမီရက်ပိုင်းကပင် အခိုင်အမာ ပြောဆိုထားသည်။
ကြိုကြားကြိုကြား ဖြစ်ပွားနေသည့် COVID-19 ရောဂါကူးစက်မှုများကို အမြစ်ဖြတ် ထိန်းချုပ်ရန် ကြိုးပမ်းနေသော အခြားမြို့ကြီးများနည်းတူ ရှန်ဟိုင်းမြို့ကြီးတွင်လည်း ခုတင် ၃,၂၅၀ ဆံ့ ကွာရန်တင်းစင်တာတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။ ယခုနှစ် ဧပြီလမှ မေလအတွင်း လူဦးရေ ၂၅ သန်းနေထိုင်သည့် ရှန်ဟိုင်းမြို့တွင် ရောဂါကူးစက်မှုအများအပြား တွေ့ရှိခဲ့ပြီးနောက် ကာလကြာမြင့်စွာ လော့ဒေါင်းချခံခဲ့ရသည်။
ပေကျင်းနှင့် ကွမ်ကျိုး အပါအဝင် အခြားမြို့ကြီးများတွင်လည်း ခုတင်ထောင်နှင့် ချီပါဝင်သော ကွာရန်တင်းစင်တာများ တည်ဆောက်ထားသည်။