ဒူဘိုင်းသို့ လူကုန်ကူးခံရသဖြင့် လူမှုကွန်ရက်တွင် အကူအညီတောင်းခံခဲ့သည့် အမျိုးသမီး ခုနစ်ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူခဲ့ပြီး လူကုန်ကူးရာတွင် ပါဝင်သူများအနက်အချို့အား ဖမ်းဆီးရမိကြောင်း ယနေ့(စက်တင်ဘာ ၉ ရက်)ညပိုင်းတွင် နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။
အဆိုပါသတင်းထုတ်ပြန်ချက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒူဘိုင်းတွင် အမြဲတမ်း နေထိုင်ခွင့်ဖြင့် နေထိုင်သည့် မြန်မာနိုင်ငံသား အဖွဲ့တစ်ဖွဲ့သည် ဒူဘိုင်းတွင် လစာကောင်းကောင်းနှင့် အလုပ်ရမည်ဟု မက်လုံးပေးစည်းရုံးကာ မြန်မာနိုင်ငံသား အမျိုးသမီးငယ်များကို ခေါ်ယူ၍ ဒူဘိုင်းသို့ ရောက်ရှိသည့်အခါ အီရန်၊ အီရတ်၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ ဆော်ဒီ၊ ယီမင်၊ ဂျော်ဒန်နှင့် အိုမန်ဪ နိုင်ငံများသို့ အတင်းအကျပ် စေလှွတ်ရောင်းစားမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် သိရှိရသည့်အတွက် ၂၀၂၂ ခုနှစ် ဩဂုတ်လဆန်းမှ စတင်ကာ လေ့လာစုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ဩဂုတ် ၂၅ ရက်တွင် မြန်မာအမျိုးသမီး အဖွဲ့တစ်ဖွဲ့က Facebook လူမှုကွန်ရက် စာမျက်နှာတွင် Live လှွင့်၍ ၎င်းတို့ ခုနစ ဦး ဒူဘိုင်းတွင် ဒုက္ခရောက်နေကြောင်း၊ မမေဖုန်း (ခ) မထက်ထက် (ခ) မကေသီမြင့်က ဒူဘိုင်းတွင် အိမ်အကူအလုပ်ရမည်၊ လစာကောင်းမည်ပြော၍ ခေါ်ယူခဲ့ရာ သုံးလကျော်ကြာသည်အထိ အလုပ်မရသေးကြောင်း၊ ဒူဘိုင်းမြို့ရှိ အမည်မသိနေရာရှိ အခန်းကျဉ်းတစ်ခုတွင် ၎င်းတို့ခုနစ်ဦးအား တစ်လကျော် ပိတ်လှောင်ထားကြောင်း၊ ဒူဘိုင်း ရောက်ရှိသည်မှစ၍၎င်း တို့၏ ပတ်စပို့အားလုံးကိုလည်း မကေသီမြင့်က သိမ်းယူထားကြောင်း၊ ပိတ်လှောင်ထားစဉ် တစ်ရက်ထမင်းတစ်နပ်သာ ပဲဟင်းရေကြဲဖြင့် ကျွေးကြောင်း၊ ယခုအခါ ၄င်းတို့အား အီရတ်နိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း၊ အီရတ်တွင် အလုပ်လုပ်ရမည်ဟု ပြောကြောင်း၊ အီရတ်မသွားလိုပါက မြန်မာငွေကျပ် သိန်းတစ်ရာပေးရမည်ဟု ခြိမ်းခြောက် တောင်းဆိုကြောင်း၊ ၄င်းတို့ ၇ ဦးသည် ပိတ်လှောင်ထားသည့် အခန်းကျဉ်းအားဖျက်၍ ထွက်ပြေးလာပြီး ယခုအခါ မြန်မာနိုင်ငံသား တစ်ဦး၏ အကူအညီဖြင့်လမ်းဘေး အခန်းကျဉ်းတစ်ခုကို ၁၀ ရက်စာ အခပေး၍ ငှားနေရကြောင်း၊ ၄င်းတို့တွင် စားစရာမရှိ၊ သွားစရာမရှိ မကေသီမြင့်က ထပ်မံ၍ ဒုက္ခပေးမည်ကိုလည်း ကြောက်ရွံ့၍ ပုန်းအောင်း နေရကြောင်း၊ ယခု Live ကို တွေ့ရှိသူများအနေဖြင့် ကူညီပေးကြပါရန်” ငိုကြွေး၍ အကူအညီ တောင်းခံမှုကို တွေ့ရှိခဲ့ရကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် အဆိုပါ Live လှွင့်တင်ထားမှုအား တွေ့ရှိသည့် ဩဂုတ် ၂၅ ရက် ည ၆ နာရီမှ စတင်ကာ Facebook Live ၏ အရင်းအမြစ်ကို ရှာဖွေခြင်း၊ အင်တာနက်မှရှာဖွေ စိစစ်ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ ဩဂုတ်၂၆ ရက် ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် ဒူဘိုင်းတွင် ဒုက္ခရောက်နေသော မြန်မာအမျိုးသမီး ခုနစ် ဦးနှင့် Messenger မှ ဆက်သွယ်မှု စတင်ရရှိခဲ့ကြောင်းသိရသည်။
ယင်းနောက် ၎င်းတို့ခုနစ်ဦး ဒူဘိုင်းတွင် ခိုအောင်းနေသည့် နေရာအား မေးမြန်းရာတွင်လည်း မသိရှိသဖြင့် Google Map ဖြင့် ရှာဖွေစိစစ်နိုင်ရေး တယ်လီဖုန်းမှ လုပ်နည်းပြောပြ၍ ဆောင်ရွက်စေခဲ့ရာ ယင်းနေ့ ည ၈ နာရီတွင်၎င်းတို့ခုနစ်ဦး ခိုအောင်းသည့် နေရာအား သိရှိခဲ့ရပြီး ၎င်းတို့အား ဖြစ်စဉ်အသေးစိတ်ကို Online မှ တစ်ဆင့် မေးမြန်းစိစစ်ရာ လူကုန်ကူးမှုကျူးလွန်သူ ကေသီမြင့်သည် မြန်မာနိုင်ငံသား အမျိုးသမီးများကို ပြည်ပနိုင်ငံများသို့ စည်းရုံးခေါ်ယူ၍ တရားမဝင် အလုပ်အကိုင်ရှာပေးခြင်း၊ တတိယနိုင်ငံများသို့ ထပ်မံပို့ဆောင် ရောင်းစားခြင်း၊ ၄င်းစီစဉ်မှုကို လက်မခံလျှင် ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ လျော်ကြေးငွေတောင်းခံခြင်း၊ အလုပ်ရလျှင်လည်း သုံးလစာ၊ ခြောက်လစာဖြတ်ယူခြင်းများ ပြုလုပ်လျက်ရှိကြောင်း စုံစမ်းရရှိသဖြင့် ၎င်းကျူးလွန်သော ပြစ်မှုများအတွက် ရန်ကုန်မြို့၊ တာမွေမြို့မရဲစခန်းတွင် အမှုဖွင့်ကာ အသေးစိတ် စုံစမ်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဩဂုတ် ၂၆ ရက် မွန်းလွဲပိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုရှိ ဒူဘိုင်းရဲဌာနချုပ်နှင့် အမျိုးသမီးခုနစ် ဦး ခိုအောင်းနေသည့် နယ်မြေရှိ ဒူဘိုင်းမြို့Naif ရဲစခန်းသို့ အကြောင်းကြားခြင်း၊ အင်တာပိုလ်ရဲအဖွဲ့သို့ သတင်းဖလှယ် ဆက်သွယ်ခြင်းများကို တစ်ဆက်တည်း ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံမှုအရ လူကုန်ကူးခံရသူ အမျိုးသမီးခုနစ်ဦးအား ဩဂုတ် ၂၆ ရက်တွင် ဒူဘိုင်းရဲအဖွဲ့၏ စီစဉ်ပေးဖြင့် ဒူဘိုင်း အမျိုးသမီး စောင့်ရှောက်ရေး ဂေဟာသို့ ပို့ဆောင် စောင့်ရှောက်ထားရှိနိုင်ခဲ့ကြောင်း၊ သတင်းကွင်းဆက်များ ဆက်လက်ဖော်ထုတ်မှုအရ မြန်မာအမျိုးသမီးများကို စည်းရုံးခေါ်ယူ၍ ဒူဘိုင်းရှိ ကေသီမြင့်ထံသို့ ပို့ဆောင်ပေးနေသော မြန်မာနိုင်ငံမှ မီးမီး(ခ)နော်သောစေးအား ဩဂုတ် ၂၆ ရက်တွင်လည်းကောင်း၊ မဆွေဆွေမြင့် (ခ) အသေးလေးအား ဩဂုတ် ၂၉ ရက်တွင် လည်းကောင်း တာမွေမြို့မရဲစခန်းမှ ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ထို့ပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒူဘိုင်းရဲဌာနချုပ်နှင့် အင်တာပိုလ် NCB(အဘူဒါဘီ)သို့ အချိန်နှင့် တစ်ပြေးညီ သတင်းဖလှယ်၍ ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ သတင်းရရှိသည်မှ ၂၄ နာရီအတွင်းဖြစ်သည့် ဩဂုတ် ၃၀ ရက်၌ တရားခံ ကေသီမြင့်အား ဒူဘိုင်းရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး ကေသီမြင့်သည် လူကုန်ကူးမှု ကျူးလွန်သည့် တရားခံပြေးဖြစ်ကြောင်း ဩဂုတ် ၃၁ ရက်တွင် အင်တာပိုလ်က Red Notice ထုတ်ပြန်နိုင်ခဲ့ကြောင်းသိည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အင်တာပိုလ်ရဲအဖွဲ့၊ ဒူဘိုင်းရဲအဖွဲ့ဌာနချုပ် အင်တာပိုလ် (အဘူဒါဘီ)တို့နှင့် ချိတ်ဆက်ဆောင်ရွက်မှုဖြင့် လည်းကောင်း၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ရိယာဒ်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးမှ ကိုယ်စားလှယ်၏ ကူညီပေးမှုဖြင့်လည်းကောင်း လူကုန်ကူးသူ တရားခံ ကေသီမြင့်နှင့် လူကုန်ကူးခံရသည့် မြန်မာအမျိုးသမီးငယ်ခုနစ်ဦး တို့အား နိုင်ငံတော်မှ စရိတ်ကျခံမှုဖြင့် ခေါ်ယူခဲ့ရာ စက်တင်ဘာ ၈ ရက်တွင် မြန်မာအမျိုးသား လေကြောင်းလိုင်း UB-9502 ဖြင့် ဒူဘိုင်းမှ ဒေသစံတော်ချိန် ည ၉ နာရီ ထွက်ခွာခဲ့ရာ မြန်မာနိုင်ငံ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယနေ့(စက်တင်ဘာ ၉ ရက်)နံနက် ၄ နာရီခွဲတွင် ပြန်လည်ရောက်ရှိခဲ့ပြီး ၄င်းတို့အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြောင်းသိရသည်။
လူကုန်ကူးမှုကျူးလွန်သူ ကေသီမြင့်သည် ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား အမျိုးသမီး များစွာကို ဒူဘိုင်းသို့ခေါ်ယူ၍ တရားမဝင် အလုပ်အကိုင် ရှာဖွေပေးမှုများ ဆောင်ရွက်ခြင်း၊ တတိယနိုင်ငံများသို့ ခြိမ်းခြောက် စေလှွတ်ရောင်းစားခြင်း၊ လျော်ကြေးငွေနှင့် လုပ်ခလစာများ ခေါင်းပုံဖြတ် ရယူခြင်းတို့ဖြင့် လူကုန်ကူးပြစ်မှု ကျူးလွန်နေသူဖြစ်၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၄င်းနှင့် ဆက်စပ်ပူးပေါင်းကာ လူကုန်ကူးမှု ကျူးလွန်သူများ၊ အားပေးကူညီသူများ၊ တရားမဝင် အလုပ်အကိုင် ရှာဖွေဆောင်ရွက် ပေးနေသည့်အဖွဲ့များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဆက်လက်စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်းသိရသည်။
ယခုအခါ ဒူဘိုင်းတွင် လူကုန်ကူးခံရ၍ ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသူ အမျိုးသမီး ခုနစ်ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိကာ ၎င်းတို့ခုနစ် ဦးအား အမှုနှင့်ပတ်သက်သည့် လိုအပ်သည့် မေးမြန်းမှုများ ဆောင်ရွက်ပြီးပါက မိဘဆွေမျိုးများထံ စနစ်တကျ အပ်နှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။