ရန်ကုန်-မန္တလေး ကားလမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်ပေါ်မှ ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉ ဒသမ ၇၅ သိန်း သိမ်းဆည်းရမိ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ ရန်ကုန်-မန္တလေးသွား ကားလမ်းတွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၉ ဒသမ ၇၅ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်၊ မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်အဝိုင်းအနီး၊ ရန်ကုန်-မန္တလေးသွား ကားလမ်းတွင် မျိုးမြင့်မောင်(ခ)ဖိုးသား မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်ကို သတင်းအရရှာဖွေခဲ့ကြောင်း သိရသည်။

အဆိုပါ ခရီးသည်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းနှင့် မြန်မာငွေကျပ် ၁၀ သိန်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မျိုးညွန့်အောင်(ခ)အငယ်ချေ အား ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၅၆လမ်း၊ ၁၃၀ လမ်းထောင့်တွင် လည်းကောင်း၊ ည ၇ နာရီခွဲအချိန်တွင် ကျော်ကျော်ဝင်း(ခ)ဦးကျော် အား ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ တံခွန်တိုင်အဝိုင်းအနီးတွင် မော်တော် ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများအား မန္တလေးတိုင်း ဒေသကြီးမှ ရခိုင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသည်။

စိတ်ကြွဆေးပြားများသိမ်းဆည်းရမိခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့ ၃ ဦးအား ဥပဒေအရ အရေးယူထားရှိကြောင်းနှင့်ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်များအရ ဆက်လက်သိရှိရပါသည်။

ဓာတ်ပုံ-CCDAC MYANMAR

Leave a Reply

Your email address will not be published. Required fields are marked *