အလုပ်မဖြစ်သော ကိုဗစ်ကင်းစင်ဗျူဟာနှင့် တရုတ်အကျပ်အတည်း

တရုတ်အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါထိန်းချုပ်ရေး မဟာဗျူဟာကို တရုတ်ပြည်သူများက ဒေါသထွက်နေသည်။ လော့ဒေါင်းများချခြင်း၊ လူအများအပြားကို ဆေးစစ်ခြင်း၊ ကွာရန်တင်းဝင်စေခြင်းတို့က တရုတ်ပြည်သူများကို ဒေါသထွက်စေသည်။ ထို့ကြောင့်အာဏာရကွန်မြူနစ်ပါတီ၏ကို ဗစ်ထိန်းချုပ်ရေးမဟာဗျူဟာမှာ ဆယ်စုနှစ်များစွာအတွင်း အများပြည်သူ မကျေမနပ်အဖြစ်ရဆုံး ဗျူဟာတစ်ခုဖြစ်လာသည်။

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့က ဆန္ဒပြသူအများစုမှာ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းများကို မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မိသားစုများကို အိမ်ထဲတွင် လနှင့်ချီ ပိတ်မိစေသည့် စည်းကမ်းများကို ပြည်သူများက ဒေါသထွက်နေကြသည်။ ကမ္ဘာ့ကျန်းမာရေးပညာရှင်များက တရုတ်အစိုးရ၏ ကိုဗစ်ထိန်းချုပ်ရေးနည်းလမ်းများကို အားနည်းသောနည်းလမ်းများဖြစ်သည်ဟု ဝေဖန်နေကြသည်။

■တရုတ်၏ ကိုဗစ်ကင်းစင်ဗျူဟာကို လေ့လာခြင်း

တရုတ်မူဝါဒ

ရောဂါကူးစက်မှုကိုထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေဖြင့် သမ္မတရှီကျင်းပင်၏အစိုးရသည် လော့ဒေါင်းများချသည့်မူဝါဒကို လည်းကောင်း၊ လူသန်းပေါင်းများစွာကို ထပ်တလဲလဲဆေးစစ်သည့် မူဝါဒကိုလည်းကောင်း၊ ပြည်ပမှရောက်လာသူများကို အချိန်ကြာကြာ ကွာရန်တင်းဝင်စေသည့် မူဝါဒကလည်းကောင်း ကျင့်သုံးလျက်ရှိသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ စတင်ဖြစ်ပွားချိန်တွင် အခြားနိုင်ငံများသည် လော့ဒေါင်းများချကြသည်။ အခြားအခြားသောကန့်သတ်ချက်စည်းကမ်းများကိုလည်း ချမှတ်ခဲ့ကြသည်။ သို့ရာတွင် အဆိုပါကန့်သတ်ချက်များကို နောက်ဆုံးတွင် ရုပ်သိမ်းခဲ့သည်။ အစောပိုင်းတွင် တရုတ်၌ ကျင့်သုံးသောဗျူဟာသည် လူ့အသက်ဆုံးရှုံးမှုကို ဟန့်တားရာတွင် အောင်မြင်ခဲ့သည်။ သို့ပါသော်လည်း ယခုအခါတရုတ်ပြည်သူများမှာ ဗိုင်းရပ်စ်နှင့် ထိတွေ့မှု အနည်းငယ်သာရှိပါတော့သည်။ တရုတ်သည် ပြည်တွင်းထုတ် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများကိုသာ အသုံးပြုနေသည်။ တရုတ်ကိုဗစ်ကာကွယ်ဆေးများသည် အခြားနိုင်ငံများ တွင်တွင်တွင်ကျယ်ကျယ်အသုံးပြုနေသော ကိုဗစ်ကာကွယ်ဆေးများလောက် ထိရောက်မှုမရှိပေ။ တရုတ်ကိုဗစ်ကာကွယ်ဆေးများက အသက်ကြီးသူများကို အပြည့်အဝ အကာအကွယ်မပေးနိုင်ပေ။

လော့ဒေါင်းချခြင်းကို တောက်လျှောက်ကျင့်သုံးနေခြင်းက အတော်လေးဆိုးရွားသည်။ “ဒါဟာပြည်သူ့ကျန်းမာရေးအတွက် ယုတ္တိမရှိပါဘူး” ဟု အမေရိကန်ကူးစက်ရောဂါပညာရှင်ဒေါက်တာ အန်သိုနီဖော့ချီက NBC ၏ “Meet the Press” အစီအစဉ်ကို ပြောသည်။

■အခြားနည်းလမ်းမရှိ

အခြားနိုင်ငံကြီးများနှင့် နှိုင်းယှဉ်လိုက်လျှင် တရုတ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာ သိသိသာသာလျော့နည်းသည်ကို တွေ့ရသည်။ နိုင်ငံအလိုက်အနေအထားကို ကြည့်ပါက တရုတ်သည် ကမ္ဘာတွင် ကိုဗစ်ဖြင့် သေဆုံးသူအနည်းဆုံးစာရင်းတွင် ပါဝင်သည်။ တရားဝင်သေဆုံးသူစုစုပေါင်းစာရင်းမှာ ၅၂၃၃ ဦးဖြစ်သည်။ ထိုအထဲက သေဆုံးသူအများစုမှာ ကူးစက်ရောဂါဖြစ်ပွားစကာလဖြစ်သော ၂၀၂၀ ပြည့်နှစ်အစောပိုင်းတွင် သေဆုံးသူများဖြစ်သည်။

တင်းကျပ်သောမူဝါဒများက လူ့အသက်များကိုကယ်ခဲ့သည်ဆိုသော်လည်း အဆိုပါမူဝါဒများကို တောက်လျှောက်ကျင့်သုံး၍ မရနိုင်ဟု ဆီယက်တယ်ရှိ ၀ါရှင်တန်တက္ကသိုလ်၏ Health Matrics Science ပါမောက္ခ အလီမော့ခ်ဒက်က ပြောသည်။

“သူတို့မှာ Plan B မရှိပါဘူး” ဟု မော့ခ်ဒက်က ပြောကြားသည်။ “သူတို့အနေနဲ့ နိုင်ငံကို ထာဝရသော့ပိတ်ထားလို့ မရနိုင်ပါဘူး။ နောက်ဆုံးမှာ တရုတ်ရဲ့ ချဉ်းကပ်ပုံက သေဆုံးမှုတွေ တိုးလာဖို့နဲ့ ဆေးရုံတွေကို ဖိအားများလာဖို့ ဦးတည်သွားစေပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဗြိတိန်၏ လက်စတာတက္ကသိုလ်က ဗိုင်းရပ်စ်ပိုးမွှားဗေဒပညာရှင် ကျိလျင်ထန်က ဤသို့သုံးသပ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်တစ်ခုချင်းစီကိုထိန်းချုပ်ရန် တရုတ်အစိုးရ၏ ကြိုးပမ်းမှုသည် အလွယ်တကူ မဖြစ်နိုင်ဟု ကျိလျင်ထန်က ပြောသည်။ ကမ္ဘာ့အခြားနေရာအများစုတွင် လုပ်ဆောင်သည့်အတိုင်း လုပ်ရလိမ့်မည်ဖြစ်ပြီး ဗိုင်းရပ်စ်နှင့်အတူ နေထိုင်တတ်အောင်လုပ်ရမည်ဟု ဆိုသည်။ “ကိုဗစ်ကင်းစင်ရေးအတွက် ပွဲသိမ်းတိုက်ကွက် မရှိပါဘူး” ဟု ကျိလျင်ထန်က ပြောသည်။

တရုတ်၏ တင်းကျပ်သောစည်းမျဉ်းများက ကူးစက်ရောဂါဖြစ်ပွားသော ပထမနှစ်အတွင်းတွင် အနောက်တိုင်း၌ ကြုံရသော လူထောင်ချီကူးစက်ခံရမှုများ၊ ဆေးရုံတက်ရခြင်းများနှင့် သေဆုံးမှုများ မဖြစ်အောင် ရှောင်ရှားရာတွင် အထောက်အကူဖြစ်ခဲ့သည်ဆိုသော်လည်း ကူးစက်နှုန်းအလွန်မြန်သည့် အိုမီခရွန်မျိုးကွဲ ထွက်ပေါ်လာခြင်းနှင့်အတူ တရုတ်၏ ချဉ်းကပ်ပုံသည်လည်း အလုပ်မဖြစ်တော့ပေ။

“လုပ်ရမယ့် တစ်ခုတည်းသော အရာကတော့ ရောဂါရဲ့အဆင့်တစ်ခုခုကို ရောက်နေပြီဆိုတဲ့အချက်ကို လက်ခံဖို့ပဲဖြစ်ပါတယ်” ဟု ကျိလျင်ထန်က ပြောသည်။

■စိတ်ပျက်ဖွယ်အလားအလာများ

တရုတ်သည် ယခုအခါ မိမိတို့ဘာသာပြန်၍ ချောင်ပိတ်မိအောင် လုပ်ခဲ့ပြီး ပြန်ရုန်းထွက်ခြင်းက နာကျင်မှုကို ဖြစ်စေလိမ့်မည်ဟု ဗြိတိန်နိုင်ငံ၏ East Anglia တက္ကသိုလ်မှ ဆေးပညာပါမောက္ခဒေါက်တာ ပေါလ်ဟန်းတားက ပြောသည်။ လော့ဒေါင်းချခြင်းများနှင့် နှာခေါင်းစည်းတပ်ခြင်းများကဲ့သို့သော နည်းလမ်းများ၏တန်ဖိုးသည် ကိုဗစ်ကာကွယ်ဆေးများ ပေါ်ထွက်မလာမီ လူအမြောက်အမြား ကူးစက်မခံရအောင် တတ်နိုင်သမျှ အချိန်ဆွဲထားရန်သာ အများဆုံးအသုံးဝင်သည်ဟု ဆိုသည်။

“ကံမကောင်းတာက တရုတ်ကာကွယ်ဆေးတွေဟာ သိပ်အကောင်းကြီးမဟုတ်တာပါပဲ” ဟု ဟန်းတားက ပြောသည်။ တရုတ်၏ထိခိုက်အလွယ်ဆုံးပြည်သူများအတွက် ကာကွယ်ဆေးထိုးနှံမှုအဆင့်များသည် လျော့နည်းနေပြီး ကာကွယ်ဆေးများက လုပ်ဆောင်ပေးသော ကာကွယ်မှုအများအပြားမှာ ယခင်ကတည်းက ကာကွယ်ဆေးထိုးနှံထားသူများအတွက် ယခုအခါ အာနိသင်လျော့သွားပြီဟု ၎င်းက ဖြည့်စွက်ပြောသည်။

ဆေးရုံများ မနိုင်မနင်းမဖြစ်စေရေးအတွက် ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ဖွင့်ပေးသင့်သည်ဟု ဟန်းတားက ပြောကြားသည်။ တတ်နိုင်သမျှ ကူးစက်ပျံ့နှံ့မှုများကို လျှော့ချရေးအတွက် နှာခေါင်းစည်းတပ်ခြင်းကဲ့သို့သော အခြားကန့်သတ်ချက်များကို ဆက်လက်ချမှတ်ထားနိုင်သည်ဟု ဆိုသည်။ တရုတ်သည် နောက်ဆုံးတွင် နယ်စပ်များကို ပြန်ဖွင့်ရမည်ဟု ၎င်းက ပြောသည်။ နယ်စပ်များကို ဖွင့်လိုက်ခြင်းနှင့်အတူ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းသည်လည်း မလွှဲမရှောင်သာဖြစ်လာမည်ဟု ဟန်းတားက သုံးသပ်သည်။

“ရောဂါဖြစ်ပွားမှု မြင့်တက်တာဟာ အလွန်မြန်မြန် အမြင့်ဆုံးအနေအထားကို ရောက်လာပါလိမ့်မယ်။ ဒါပေမဲ့ဒါဟာ တော်တော်မြန်မြန် ပြန်လည်ကျသွားဆင်းသွားပါလိမ့်မယ်။ ဒါပေမဲ့ရောဂါကူးစက်မှုမြင့်တက်နေတဲ့အခြေအနေကို ဖြတ်သန်းနေတုန်းမှာတော့ အလွန်ထိတ်လန့်စရာကောင်းနေပါလိမ့်မယ်” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

ကာကွယ်ဆေးထိုးနှံမှုနှုန်းနည်းပါးခြင်း၊ ပြည်သူများထဲတွင် သဘာဝကိုယ်ခံအားကင်းမဲ့နေခြင်းတို့ကြောင့် တရုတ်အစိုးရက ကိုဗစ်ကင်းစင်မူဝါဒကို ရုပ်သိမ်းမည်ဆိုလျှင် တရုတ်ပြည်သူ နှစ်သန်းခန့်သေဆုံးမည့် အန္တရာယ်ရှိနေသည်ဟု ကျန်းမာရေးသုတေသနလုပ်ငန်း Airfinity က နိုဝင်ဘာ ၂၈ ရက်တွင် ခန့်မှန်းထားသည်။

မကြာသေးမီက ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီးနောက် ဒေသန္တရတရုတ်အာဏာပိုင်များက စည်းမျဉ်းစည်းကမ်းအချို့ကို လျှော့ချပေးခဲ့သည်ဆိုသော်လည်း တရုတ်အစိုးရကမူ ပို၍ကြီးမားသော ကိုရိုနာဗိုင်းရပ်စ်မဟာဗျူဟာကို ရုပ်သိမ်းမည့် အရိပ်လက္ခဏာမပြသေးပေ။

■ကာကွယ်ဆေးများဖြင့် ထွက်ပေါက်ရှာခြင်း

တရုတ်သည်Pfizer-BioNTech နှင့် Moderna တို့က ထုတ်လုပ်သော mRNA ကာကွယ်ဆေးများကို တင်သွင်းသင့်သည်ဟု အိတ်ဇီတာတက္ကသိုလ်က ကူးစက်ရောဂါပညာရှင် ဒေါက်တာဘာရတ်ပန်ခါနီယာက ပြောသည်။

“သိပ္ပံနည်းကျအဖြေဟာ အလွန်ရှင်းလင်းပါတယ်” ဟု ပန်ခါနီယာက ပြောသည်။

တရုတ်အနေဖြင့် ၎င်း၏ပြည်တွင်းထုတ်ကာကွယ်ဆေးများ၌ အားနည်းချက်များရှိနေသည်ဆိုခြင်းကို အသိအမှတ်ပြုရေးမှာ နိုင်ငံရေးအားဖြင့် စိန်ခေါ်မှုရှိနေနိုင်သည်ဟု ပန်ခါနီယာက ပြောသည်။ သို့သော်လည်း တရုတ်သည် လမ်းကြောင်းပြောင်းရေးအတွက် နည်းလမ်းရှာရန် လိုအပ်နေသည်ဟု ဆိုသည်။

“ဒါဟာ သိက္ခာဆယ်တာမျိုးမဖြစ်သင့်ပါဘူး။ တရုတ်ပြည်သူတွေကလည်း လော့ဒေါင်းချပြီးရင်း ချနေတာကို ငြီးငွေ့နေတယ်ဆိုတာ ရှင်းနေပါတယ်။ အမြန်ဆုံးနည်းလမ်းကတော့ တတ်နိုင်သမျှအမြန်ဆုံး ကာကွယ်ဆေးထိုးနှံဖို့ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။ Ref:AP

Leave a Reply

Your email address will not be published. Required fields are marked *