ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း၌ အမျိုးသမီးနှစ်ဦးအားသတ်ပြီး ရွှေထည်များလုယူသွားသူအား အနီးတွင်ပင် ဖမ်းဆီးရမိ

ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း၌ အမျိုးသမီးနှစ်ဦးအားသတ်ပြီး ရွှေထည်များလုယူသွားသူအား အနီးတွင်ပင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း၌ အမျိုးသမီးနှစ်ဦးအသတ်ခံရမှု အောက်တိုဘာလ ၆ရက်နံနက်အစောပိုင်းကဖြစ်ပွားခဲ့ရာ ကျူးလွန်သူဟုယူဆရသူအား အနီးဝန်းကျင်တွင် နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းသိရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၇၂လမ်း၊ ၁၁၈လမ်းနှင့် ၁၁၉လမ်းကြားတွင် အသက်ခြောက်ဆယ်အရွယ် မိခင်ဖြစ်သူနှင့် သမီးနှစ်ဦးအပါအဝင် သုံးဦးအတူ နေထိုင်၍ အိမ်ရှေ့တွင် ဆေးအရောင်းဆိုင် ဖွင့်လှစ်ထားရှိသည့် နေအိမ်ဖြစ်ကြောင်း၊ သမီးအငယ်နှင့်မိခင်ဖြစ်သူ နှစ်ဦးသာရှိနေချိန်တွင် လူသတ်ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အခင်းဖြစ်ပွားရာ အိမ်နားက ခြုံတောထဲမှာပဲ ပုန်းနေတာကို မိခဲ့တာပါ။ သူ့လက်ထဲမှာလည်း ပစ္စည်းတွေ ၊ ငွေတွေနဲ့အတူ ဖမ်းဆီးရမိတယ်။ လူသတ်ပစ္စည်းလုယူ အနုကြမ်းစီးတယ်ပြောရမှာပေါ့။ ကျူးလွန်သူကလည်း အဲဒီအနီးနားအိမ်ကပဲလို့ သိရပါတယ်”ဟု လူသတ်ပစ္စည်းလုယူမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။

ပတ်ဝန်းကျင်၏ အကြောင်းကြားမှုကြောင့် တာဝန်ရှိသူများ အိမ်သော့ဖျက်ပြီး ကြည့်ရှုခဲ့ရာတွင် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးအား အိမ်ရှေ့ဧည့်ခန်းတွင်လည်းကောင်း၊ အသက်ခြောက်ဆယ်အရွယ်အမျိုးသမီးအား မီးဖိုထဲတွင်လည်းကောင်း၊ နှစ်ဦးလုံး ခေါင်းသွေးထွက်ဒဏ်ရာများဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်း၊ သားမိသုံးဦးနေထိုင်ပြီး ကျန်တစ်ဦးမှာ တရားစခန်းဝင်လျက်ရှိချိန် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထပ်မံစုံစမ်းသိရပါသည်

Leave a Reply

Your email address will not be published. Required fields are marked *